ကမမောင်း ဧပြီ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမမောင်းမြို့ အာလောကာရာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး အာလောကာရာမကျောင်းဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး တတ်ရောက်လာသောသူများက အဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြသည်။
ယင်းနောက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တတ်ရောက်လာသော အဘိုး၊ အဘွား (၈)ဦးအား ဂါဝရလက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ အဘိုးအဘွားများက ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၈)ဦး တတ်ရောက်ခဲ့ပြီး မတတ်ရောက်နိုင်သော အဘိုး၊ အဘွား (၅၄)ဦးထံသို့ တာဝန်ရှိသူများက လိုက်လံ၍ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)