ရွှေတောင် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေတောင်မြို့နယ် ဖုန်းဆိုးကျေးရွာ၊ ဝါးတောကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာများအတွင်းရှိ လူနေအိမ် (၁)လုံး ပြိုကျခဲ့ပြီး လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဖုန်းဆိုးကျေးရွာရှိ ဦးရန်ပိုင်ထွန်း၏ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး ဝါးတောကျေးရွာရှိ ဦးစန်းဌေး၏ နေအိမ် (၁)လုံးနှင့် ရွာသစ်ကြီးကျေးရွာရှိ ဦးထွန်းငွေ၏ နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၅၇၀၀၀၀/-)ကျပ်ရှိပြီး လေဘေးသင့်၍ နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာများမရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)