မြောင်းမြ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၈၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲ အခမ်းအနားကို မြန်မာနှစ် ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ဆွမ်းဆန်စိမ်း လောင်းလှူရေးဗဟိုဦးစီးကော်မတီ မြောင်းမြမြို့နယ်အသင်းဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်အသင်း (ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သံဃာတော် အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများက ဝတ္ထုငွေသားများ၊ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။ ဆက်လက်၍ ညနေပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ (ဗဟို) မဏ္ဍပ်၌ အန္တရာယ်ကင်းရှင်းစေရေးအတွက် နှစ်သစ်ကူးပရိတ်တရားတော်များ နာကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ (၈၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲတို့ကို မြောင်းမြမြို့ရှိ ဘုန်းကြီးကျောင်း (၄၀၉) ကျောင်းမှ သံဃာတော်စုစုပေါင်း (၂၁၃၈) ပါး၊ သီလရှင်ကျောင်းပေါင်း (၂၁) ကျောင်းမှ သီလရှင်စုစုပေါင်း (၃၀၇) ပါးတို့အား စာရေးတံမဲ (၄၅၉) မဲ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)