ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

ဧရာဝတီ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ကျောင်းကုန်းမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၂၆)ဦးတို့အား ငွေသားနှင့်လှူဘွယ်ပစ္စည်းငွေ ကျပ်(၁၀)သိန်းခန့်ကိုလည်းကောင်း၊ သာပေါင်းမြို့၌ သက်ကြီးဘိုးဘွား (၃၀)ဦးတို့အား တစ်ဦးလျှင်(၄၀၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းတို့ကိုလည်းကောင်း၊ ငပုတောမြို့နယ်၌ အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား (၂၆) ဦးအား အလှူငွေကျပ် ၂၀၀၀၀ နှင့် စားသောက်ဖွယ်ရာပစ္စည်းများကိုလည်းကောင်း၊ ဒေးဒရဲမြို့၌ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွား (၄၄)ဦးအား အလှူငွေများကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၇၉)ဦးအတွက် စုစုပေါင်း ၂၄၇၀၀၀၀ ကျပ်နှင့် (၅၁၆၈၀၀)ကျပ်တန်ဖိုးရှိ ဇော်ဂျီတိုင်းရင်းဆေးမျိုးစုံတို့ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်၌ သက်ကြီးဘိုးဘွား(၂ဝ)ဦးအား ဆန်၊ ဆီနှင့် အလှူငွေများကိုလည်းကောင်း၊ ရွှေသောင်ယံမြို့၌ အဘိုးအဘွား (၂၅)ဦးအား လှူဖွယ်ဝတ္ထုငွေများနှင့် ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို လပွတ္တာမြို့နယ်၌ (၁)မိုင်ချောင်းအတွင်းသို့ ငါးခုံးမကောင်ရေ (၁၅၀၀၀)၊ ငါးမြစ်ချင်းကောင်(၁၀၀၀၀)တို့ကိုလည်းကောင်း၊ ပုသိမ်မြို့၌ ငဝန်မြစ်အတွင်းသို့ ငါးအကောင်ရေ (၃၀၀၀)ကိုလည်းကောင်း၊ ညောင်တုန်းမြို့တွင် ပန်းလှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၁၀၀၀၀)နှင့် ရွှေဝါငါးသားပေါက်ကောင်ရေ (၁၀၀၀၀) စုစုပေါင်းကောင်ရေ (၂၀၀၀၀)ကိုလည်းကောင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်