မကွေး ဧပြီ ၁၈
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို မြို့သစ်မြို့နယ်၌ အဘိုးအဘွား(၅၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ ပွင့်ဖြူမြို့နယ်၌ အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား (၂၇) ဦးအား တစ်ဦးလျှင် အလှူငွေကျပ် (၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ မင်းဘူးမြို့၌ နမ္မဒါဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား ၁၃ ဦးနှင့် မြို့ပေါ်ရပ်ကွက်များမှ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၉၆ ဦး စုစုပေါင်း ၁၀၉ ဦးအား တစ်ဦးလျှင် အလှူငွေ ၅၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၅၄၅၀၀၀၀ ကျပ်တိတိကိုလည်းကောင်း၊ စလင်းမြို့၌ အဘိုးအဘွား(၄၀)ဦးတို့အား တစ်ဦးလျင် (၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ ငဖဲမြို့နယ်၌ အသက်(၇၅)နှစ်အထက် အဘိုးအဘွား ( ၃၁ ) ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် (၁၅၀၀၀)ကျပ် နှင့် လှူဖွယ်ပစ္စည်း(၅)မျိုးတို့ကိုလည်းကောင်း၊ နတ်မောက်မြို့နယ်တွင် မြတ်ဂုဏ်ပြည့်ဘိုးဘွားရိပ်သာရှိ အဘိုး/အဘွား(၆၇)ဦးအား ဌာနဆိုင်ရာများမှ ဝိုင်းဝန်းထည့်ဝင်မတည်ငွေများစုပေါင်း၍ အာဟာရဒါနနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကို ပွင့်ဖြူမြို့နယ်၌ မုန်းချောင်းသဘာဝ ရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း ကောင်ရေ ၃၀၀၀ ၊ ငါးမြစ်ချင်းကောင်ရေ ၂၀၀၀ ၊ စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ ၅၀၀၀ ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်