ရွှေတောင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၇) လုံးအမိုးလန်ပျက်စီး

ရွှေတောင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီ ၄၅ အချိန်ခန့် က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စု၊ ကျီးသဲ ကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ မန်ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင် ကျေးရွအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စုရှိ ကျေးရွာ(၂) ရွာတွင် လူနေအိမ် (၄)လုံး ပြိုကျပြီး   လူနေအိမ် (၂) လုံးအမိုးလန်၊ ကျီးသဲကျေးရွာအုပ်စု အတွင်း ရှိ ကျေးရွာ(၄) ရွာတွင်လူနေအိမ် (၁၅)လုံး အမိုးလန်၊ မကျီးပေါက်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကြို့ကုန်းကျေးရွာတွင်လူနေအိမ် (၆)လုံး အမိုးလန်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ ရွှေကျွန်းကုန်း ကျေးရွာတွင် လူနေအိမ် (၂) လုံး ပြိုကျပြီး လူနေအိမ် (၂) လုံးအမိုးလန်၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ ကျောက်ကွင်းကျေးရွာတွင်လူနေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)