တောင်ငူမြို့၊ လေးကျွန်းကန်တော်ရှိ စပယ်ကျွန်းနန်းတော်တွင် ဆုပန်ကလျာမင်းသမီးအား ထိုင်းရိုးရာများဖြင့် ပူဇော်ပွဲ ကျင်းပ

တောင်ငူ  ဧပြီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ရှိ စပယ်ကျွန်းနန်းတော်တွင် ထိုင်းနိုင်ငံ ပိစနိုးလော့(Phitsanulok)မြို့မှ ဒေါက်တာ ဆွန်ထိုင်း (Dr.Somthai) ဦးဆောင်၍ ချင်းမိုင်မြို့ (Arunyik) ဘုရားကျောင်းဆရာတော်ကြီး Dr.Thamasak နှင့် ထိုင်းဘုရင့်တပ်မတော်ဒုတိယစစ်သေနာပတိ (Wichit Yathip) (ငြိမ်း)နှင့် ဆုပန်ကလျာ၏ ဆွေတော်မျိုးတော်များ စုစုပေါင်း (၅၀)ဦးက တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးထံ ထိုင်းနိုင်ငံ ပိစနိုးလော့ (Phitsarnulok)မှ ဘုရင် ဗြမဟာဓမ္မရာဇာမင်း (Mhathammara Chathirat 1950- 1590)က ဆက်သလိုက်သော သမီးတော် ဆုပန်ကလျာမင်းသမီးအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ထိုင်းရိုးရာများဖြင့် ပူဇော်ပွဲ ကျင်းပခဲ့သည်။

ဆက်လက်၍ ယမန်နေ့နံနက်ပိုင်းတွင် ဆုပန်ကလျာ၏ ဆွေတော်မျိုးတော်များသည် တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ မြစည်းခုံစေတီတော်နှင့် ကောင်းမှုတော်စေတီတော်တို့ကို ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြစည်းခုံစာသင်တိုက်ရှိ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)