ဘားအံမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ

ဘားအံ ဧပြီ ၁၈

မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သီလ၊ သမာဓိဂုဏ်နှင့်အသက်အရွယ်ရလာကြသော အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာသက္ကရာဇ် ၁၈၃၆ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘားအံမြို့ပေါ်ရပ်ကွက်များမှ တိုင်းရင်းသားပြည်သူများ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား”ဆိုသည့် စကားနှင့်အညီ မိမိထက်အသက်အရွယ်ကြီးမားပြီး အတွေ့အကြုံရင့်ကျက်သည့် အဘိုးအဘွားများကို ယနေ့အခမ်းအနားတွင် ပူဇော်ကန်တော့ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသော ကောင်းမြတ်သည့် အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ နှစ်သစ်မင်္ဂလာနေ့ရက်တွင် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်နှင့် ဘာသာသာသနာအကျိုး၊ မိသားစု၊ ရပ်ရွာ၊ ပြည်သူနှင့်နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုးတိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းဆန္ဒပြုစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် အခမ်းအနားသို့တက်ရောက်လာသော သက်ကြီး အဘိုး၊ အဘွား (၅၈)ဦးအား ပူဇော်ကန်တော့ငွေ၊ လှူဖွယ်ပစ္စည်းနှင့် ပူဇော်ကန်တော့ငွေများ ပေးအပ်လှူဒါန်းကြပြီး အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြရာ  အဘိုး၊ အဘွားများကိုယ်စား အဘိုး (၁)ဦးက ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားသို့ ဘားအံမြို့ပေါ် (၉)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား စုစုပေါင်း (၅၈)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိသော အဘိုးအဘွား ၂၆၀ ဦး စုစုပေါင်း အဘိုးအဘွား ၃၁၈ ဦးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀(ငါးသောင်း)စီနှင့် မျက်နှာသုတ်ပုဝါအကြီးတစ်ထည်စီဖြင့် စုစုပေါင်းပူဇော်ကန်တော့ငွေ ကျပ် ၂၁၂၃၃၆၀၀ (နှစ်ရာတစ်ဆယ့်နှစ်သိန်းသုံးသောင်းသုံးထောင်ခြောက်ရာ)ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဘိုး၊ အဘွားတစ်ဦးလျှင် ၅၀၀၀ ကျပ်စီကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အဘိုးအဘွားများကို အားဆေးများကိုလည်းကောင်း အသီးသီးစုပေါင်းလှူဒါန်းခဲ့ကြပြီး အခမ်းအနားအပြီးတွင် အဘိုးအဘွားများအား လက်သဲ၊ ခြေသဲညှပ်ပေးခြင်း၊ အာဟာရဖြည့်စွက် အစားအစာများလှူဒါန်းကျွေးမွေးဧည့်ခံခြင်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ အထူးကု ဆရာဝန်ကြီးများနှင့်အဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ကရင်ပြည်နယ်ဇီဝိတဒါနငါးလွှတ်ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာရေပြင် Decking ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ကြီးအဘိုးအဘွားများက နှစ်လက်မအောက်ခံအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ နှစ်သောင်းခွဲနှင့် ငါးမြစ်ချင်းကောင်ရေ နှစ်သောင်းခွဲ စုစုပေါင်းကောင်ရေငါးသောင်းကို ကန်သာယာအတွင်းသို့  ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)