ထားဝယ် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။
ရှေးဦးစွာဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထိုနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ပရိတ် (ပန်း၊ ရေ၊ သဲ၊ ကျောက်၊ ချည်) များ ဆက်ကပ်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များနှင့်အန္တရာယိက ကမ္မဝါစာများနာယူကြည်ညိုကာ ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဇေယျဝတီကျောင်းတိုက်မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့) ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံစိရံတိဌတု “ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်
တိုင်းဒေသကြီး (ပြန်/ဆက်)