ဟင်္သာတ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အကျဥ်းဦးစီးဌာန၏ အထူးတရားရုံးခန်းတွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မြန်မာ့နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ကျင့် ၄၀၁(၁)အရ ဟင်္သာတမြို့ အကျဥ်းထောင်မှ ယမန်နေ့ နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ အကျဥ်းသား/အကျဥ်းသူ ကျား(၄၅)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၅၆)ဦးကိုလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျား(၄)၊ မ(၂)ဦးကိုလည်းကောင်း၊ တပ်မတော်အက် ကျား (၂)ဦး၊ ရဲစည်းကမ်း ကျား(၁)ဦးနှင့် အခြားမှု ကျား (၃၈)၊ မ(၉)ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့လွတ်ငြိမ်းခွင့်ပြုပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ ဟင်္သာတ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်သိန်း၊ ဟင်္သာတအကျဥ်းထောင်တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသွင်ကိုကိုအောင်တို့က ဆုံးမဩဝါဒစကားများ ပြောကြားရာတွင် ကျင့် ၄၀၁ အရ ထောင်လွတ်သူများအနေဖြင့် ပြင်ပတွင် ကောင်းမွန်စွာနေထိုင်ကြရန်၊ ပြစ်ဒဏ်ကာလမစေ့ဘဲ လွတ်ငြိမ်းဖြင့် လွတ်ပေးခြင်းဖြစ်၍ နောက်ထပ် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ပါက ယခင်ပြစ်ဒဏ်များပါတွဲ၍ အပြစ်ပေးခံရနိုင်မည်ဖြစ်ကြောင်း အသိပေးဆုံးမပြောကြားခဲ့သည်။ ထို့နောက် လွတ်ငြိမ်းခွင့်ရသူများအား ၎င်းတို့၏ နေရပ်ထံသို့ ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)