ကော့သောင်း ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း ဧပြီ (၁၇) ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၃၂ /၂၀၂၄)အရ အကျဉ်းထောင်အသီးသီးမှ နိုင်ငံခြားအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ကော့သောင်းအကျဉ်းထောင်မှ အင်ဒိုနီးရှားနိုင်ငံသားအကျဉ်းသား ၁၃ ဦးအား ယမန်နေ့မွန်းလွဲ ၁၂ ခွဲခန့်က လွတ်ငြိမ်းခွင့်ရကြောင်းသိရသည်။
အဆိုပါ အကျဉ်းသား (၁၃) ဦးလွတ်ငြိမ်းခွင့်ပြုသော အခမ်းအနားသို့ ကော့သောင်းခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဖြိုးမင်းထိုက်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝေလင်းကိုနှင့်တာဝန်ရှိသူများ၊ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လွင်တို့တက်ရောက်ခဲ့ကြပြီး အကျဉ်းထောင် တာဝန်ခံအရာရှိက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အား စကားပြန်ဖြင့် ဖတ်ကြားခြင်းနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုတိယရဲမှူးမြင့်နိုင်တို့က စကားပြန်ဖြင့် ဆုံးမသြဝါဒစကားများပြောကြားခဲ့ပြီး နိုင်ငံခြားအကျဉ်းသားများအား ကော့သောင်းအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားအကျဉ်းသားများအား ပြည်နှင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့လွတ်ငြိမ်းခွင့်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမှတ် (၃၂/၂၀၂၄) အရ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ခရိုင် (ပြန်/ဆက်)