တနင်္သာရီ ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို တနင်္သာရီမြို့၌ သက်ကြီးဘိုးဘွား (၈၁)ဦးအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၂၄)သိန်းနှင့်(၃၀၀၀၀)ကျပ်တိတိကိုလည်းကောင်း၊ ဘုတ်ပြင်းမြို့၌ အသက်(၈၅)၊နှစ်အထက် သက်ကြီးဘိုးဘွားများအား ကန့်တောခံပစ္စည်များနှင့် ဆေးဝါးများကိုလည်းကောင်း၊ ပုလောမြို့၌ အသက်(၈၀) နှစ်နှင့် အထက် ဘိုးဘွား (၇၈) ဦးကို ငွေသား ၈ သောင်းကျပ်စီ စုစုပေါင်း ၆၂၄၀၀၀၀/-ကျပ် ၊ ဆန် ၅ ပြည်ဝင် (၁၃၆)အိတ်၊ ဆန် ၃ပြည်ဝင် (၇၈)အိတ်၊ ၁ လီတာ ဆီ ၁၇၄ ဗူးကိုလည်းကောင်း၊ ကော့သောင်းမြို့၌ အသက်၈၅နှစ်အထက် သက်ကြီးဘိုးဘွား(၉၇)ဦးအား အလှူငွေများ၊ လှူဘွယ်ပစ္စည်းများကို လည်းကောင်း၊ မြိတ်မြို့၌ ဘိုးဘွား(၃၄)ဦးအား ကန်တော့ငွေ (၅၀၀၀၀)ကျပ်စီကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို မြိတ်မြို့၌ မြိတ်ကမ်းနားရေပြင်သို့ ကကတက်သားပေါက် အကောင်ရေ(၃၅၀၀)၊ ရေငန်ပုစွန်သားပေါက် အကောင်ရေ(၅၇၀၀၀)၊ ကဏန်း အကောင်ရေ (၁၀၀)တို့ကိုလည်းကောင်း၊ ကျွန်းစုမြို့၌ ကျွန်းစုကမ်းနားရေပြင်သို့ ကကတက်သားပေါက် အကောင်ရေ(၆၀၀)၊ ရေငန်ပုစွန်သားပေါက်အကောင်ရေ (၁၅၀၀၀) တို့ကိုလည်းကောင်း ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်