ပန်းတောင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၀၀) နာရီအချိန်က ဉသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ရေပက်ခံကားများ၊‌ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများ စုစုပေါင်း (၂၅၀၀) ဦးခန့်လာရောက် ပျော်စွာမြူးထူးစွာသင်္ကြန်ရေကစားခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ညီ၊ အဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးသန်းလွင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယိမ်းအဖွဲ့များစုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ယိမ်းအဖွဲ့ (၈) ဖွဲ့တို့မှ ခေတ်ပေါ်တေးသီချင်းများ၊ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆုတော်ငွေများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ကပြဖျော်ဖြေခဲ့ပြီး “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သင်္ကြန်မဏ္ဍပ်ပိတ်ပွဲကို ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များနှင့် အခမ်းအနားတက်ရောက်လာသူများ၊ ပြည်သူများက ပျော်ရွှင်စွာ ရေကစားခဲ့ကြောင်းသိရသည်။

လပြည့်လင်း (ပြန်/ဆက်)