ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင် နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်း တို့မှ အကျဉ်းသား/သူ စုစုပေါင်း(၂၂)ဦး လွတ်ပေး

မြိတ် ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ (၂၂) ဦးအား ယမန်နေ့ နေ့လယ် (၁) နာရီက လွတ်ပေးခဲ့သည်။

ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက်မှ အကျဉ်းသား/သူ(၂၂)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန် ပါက၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၁၀)ဦး၊ အကျဉ်းသူ(၃)ဦး၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၉)ဦး စုစုပေါင်းအကျဉ်းသား/သူ (၂၂ )ဦးတို့အား အဆိုပါနေရာများတွင် အကျဉ်းထောင်တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက် )