ထားဝယ် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်ဇီဝိတဒါနငါးလွှတ်ပွဲကိုယမန်နေ့နံနက် ၇ နာရီ ကထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက်၊ ဆိပ်ကမ်းသာဘောတံတား၌ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့်တာဝန် ရှိသူများတို့က ကကတစ်ငါးသားပေါက်ကောင်ရေ (၅၀၀၀) ကောင်အားဆိပ်ကမ်းသာဘောတံတားပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပေးခဲ့သည်။
ထို့နောက် အထက်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို နံနက် ၉ နာရီအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပရာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းအကြောင်း အမှာစကားပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များက အဘိုးအဘွား (၃၅) ဦးအားပူဇော်ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ က အဘိုးအဘွားများအား အလှူငွေများ နှင့်ကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်ကာ အဘိုးအဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအဖွဲ့က ကျန်းမာရေးဆေးစစ်ကုသပေးသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန်တော့ခံဘိုးဘွား (၃၅)ဦး နှင့်ထားဝယ်မြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်အထက်အဘိုး အဘွား (၄၅၆) ဦးစုစုပေါင်း (၄၉၁) ဦးအတွက်တစ်ဦးလျှင် (၄၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၆ သိန်း ၄သောင်း) အားလည်းကောင်း၊ ကန်တော့ခံအဘိုးအဘွား (၃၅) ဦးအတွက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းငွေကျပ် (၃) သိန်းအားလည်းကောင်း လှူဒါန်းခဲ့ကြပြီး ပူဇော်ပွဲအခမ်းအနား သို့မတက်ရောက်နိုင်သောအဘိုးအဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် အလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်မှာဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်
တိုင်းဒေသကြီး (ပြန်/ဆက်)