နှစ်သစ်ကူးအလှူအဖြစ် သက်ကြီးပူဇော်ပွဲအခမ်းအနား ကန့်ဘလူမြို့၌ ကျင်းပ

ကန့်ဘလူ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် နှစ်သစ်ကူးအလှူအဖြစ် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ငါးခုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ဧည့်ပရိတ်သတ်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ အဘိုးအဘွား ၉၆ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှင့် ဆေးဝါးများကို ပေးအပ်ပူဇော်ကြသည်။ ထို့နောက် ဘိုးဘွားများကိုယ်စား အမှတ်(၃)ရပ်ကွက်မှ အဘိုးဦးလှအောင်က ဆုပေးကာ ဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)