မြန်မာနှစ်ဆန်း ၁ ရက်‌နေ့ မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိ

မုံရွာ ဧပြီ ၁၇

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပြီးစီးပြီးနောက် နှစ်သစ်ကူးသည့် မြန်မာနှစ်ဆန်း ၁ ရက်‌နေ့ ၂၀၂၄ ခုနှစ် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တရားဘာဝနာပွားများခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းတို့ဖြင့် မြန်မာနှစ်ဆန်း ၁ ရက်‌နေ့ အခါသမယကို အေးချမ်းစွာ ကုသိုလ်ကောင်းမှုများပြုလုပ်လျက်ရှိကြသည်။

မြန်မာနှစ်ဆန်း ၁ ရက်‌နေ့အခါသမယသည် မြန်မာတို့ အထွတ်အမြတ်ထားကြသော နေ့တစ်နေ့ဖြစ်ပြီး ထို‌နေ့တွင် တန်ခိုးကြီးဘုရားများ၊ နေ့နံဘုရားများ အစရှိသော ဘုရားစေတီပုထိုးများကို ရေသပ္ပါယ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ သက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနအနေဖြင့် ငါးလွှတ်ခြင်း၊ သတ္တဝါလေးများအား ဘေးမဲ့ပေးခြင်းအစရှိသော မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာမပျက် ကုသိုလ်ပြုဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)