ဖျာပုံ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၁၇)ရပ်ကွက် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် အလျား (၈၅)ပေ၊အနံ( ၄၃) ပေရှိ ဘိုးဘွားကျန်းမာရေးစောင့်ရှောက်မှု အဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရာတွင် နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် နှစ်သစ်ကူးမင်္ဂလာစကားပြောကြားသည်။ ထို့နောက်အဘိုးအဘွားများအား မေတ္တာရှေ့ထား၍ လက်အုပ်ချီမိုးပူဇော်ကန်တော့ခဲ့ကြသည်။ထို့နောက် အဘိုးအဘွားများအား ကန်တော့ခံ အလှူငွေနှင့် ဆေးဝါးများကို ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိအလှူရှင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၃၂)ဦးတို့အား အလှူငွေ၊ ဆေးနှင့် လှူဖွယ်ပစ္စည်များလှူဒါန်းကြပြီး၊ ဖျာပုံမြို့နယ် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးဘဟိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာဝန်းအတွင်း အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဘိုးဘွားရိပ်သာရန်ပုံငွေများနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ ဝိုင်းဝန်းထည့်ဝင်မတည်လှူဒါန်းငွေတို့ဖြင့် စုစုပေါင်းကုန်ကျငွေသိန်း (၁၁၃၈၅၀၀၀၀)ကျပ်ဖြင့် အလျား (၈၅)ပေ၊ အနံ (၄၃)ပေရှိ RC ကွန်ကရစ်အဆောက်အဦသစ်အား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကန်တော်မင်္ဂလာဘိုဘွားရိပ်သာဥက္ကဋ္ဌနှင့် အလှူရှင်များက အဆောက်အအုံသစ်အား အမွှေးနံ့သာရည်ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်