ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် (၈၀) ကြိမ်မြောက် နှစ်ဆန်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူ

ဂန့်ဂေါ ဧပြီ ၁၇

ဂန့်ဂေါမြို့ မြို့မရပ်ကွက် ဒက္ခိဏရာမ တောင်ကုန်းကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီက နှစ်ဆန်းကာလ ဆွမ်းလောင်းလှူပွဲ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ရှေးဦးစွာ ဒက္ခိဏရာမတောင်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇဝန္တဦးဆောင်သည့် သံဃာတော် (၁၁) ပါးမှ ရွတ်ပွါးသည့် ပရိတ်တရားတော်ကို နာယူကြပြီး လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြကာ နံနက် ၈ နာရီတွင် ကျောင်းပုရိဝုဏ်အတွင်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပရာ မြတ်စွာဘုရားအမှူးပြုသည့် သံဃာတော် ၆၀ ပါးတို့ ကြွရောက်ကြ၍ ရပ်နီးရပ်ဝေးမှပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ အဆိုပါနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူလာကြသည့် ရပ်နီးရပ်ဝေးမှ ပြည်သူများအား ကျောင်းပုရိဝုဏ်၌ ထမင်းကျွေးမွေးလှူဒါန်းသည့်အပြင် စေတနာရှင်များစုပေါင်း၍ နိဗ္ဗာန်ဈေးခင်းကာ မုန့်ပဲသရေဇာများဖြင့် တည်ခင်းကျွေးမွေးကြသည်။

အဆိုပါ နှစ်ဆန်းကာလဆွမ်းလောင်းလှူပွဲကို ဂန့်ဂေါမြို့ မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်း ကျွဲဆင်းကြီးအနီးတွင် နှစ်စဉ်ကျင်းပခဲ့ရာမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်စဉ်ကာလတွင် ၂ နှစ်ရပ်နားခဲ့ရပြီး ယမန်နှစ် ၂၀၂၂ မှ စတင်ကာ ဒက္ခိဏာရာမ တောင်ကုန်းကျောင်းတိုက်သို့ ပြောင်းရွှေ့ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 

မောင်မျိုးမင်း(ဂန့်ဂေါ)