မကွေး ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီတွင် မကွေးမြို့၊ ကမ်းနားလမ်းရှိ ညောင်ကိုးပင်ဆိပ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ဧရာဝတီမြစ်အတွင်းသို့ ငါးခုံးမကောင်ရေ တစ်သောင်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ တစ်သောင်း၊ ရွှေဝါငါးကြင်းကောင်ရေငါးထောင် စုစုပေါင်း ငါးကောင်ရေ သုံးသောင်းအား ဇီဝိတဒါနအဖြစ် ကုသိုလ်ယူ လွှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ နံနက် (၈) နာရီတွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် သက်ကြီးဘိုးဘွားများ ပူဇော်ကန့်တော့ပွဲကို မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မကွေးမြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား စုစုပေါင်း (၆၉)ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ စုစုပေါင်းလှူဒါန်းငွေကျပ် ၆၉ သိန်းကျော်တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းပေးအပ်ကန့်တော့ကြပြီး ဘိုးဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဖန်ခါးမြေဘိုးဘွား ရိပ်သာအတွင်း ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေး ပြုစုစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)