ပဲခူး ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၁၉)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၆)ဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က ယိမ်း (၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေ (၅)သိန်းကျပ်စီကိုလည်းကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့ (၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၇)သိန်းစီကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ စတုတ္ထရရှိသည့် တော်ဝင်ဟင်္သာယိမ်းအဖွဲ့နှင့် ပိတောက်ရွှေဝါယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းစီတို့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊ တတိယဆုရရှိသည့် ဟင်္သာပျိုမေယိမ်းအဖွဲ့နှင့် ငွေနှင်းမလာယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းစီတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပိတောက်ရွှေရည်ယိမ်းအဖွဲ့နှင့် ထိပ်ထားရွှေစင်ယိမ်းအဖွဲ့တို့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၂၀)သိန်းစီတို့အား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု “နှစ်သစ်ပျိုမေ” ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း၊ ပူးတွဲပထမဆုရ ဘုရားကြီးမြို့ကိုယ်စားပြု “တန်ခူးသံသာ အံ့ခြူးကဗျာ” ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ပထမဆုရရှိသည့် ယိမ်းအဖွဲ့များက ပြိုင်ပွဲဝင်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က အမှတ်ပေးဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ မြန်မာ့ဆိုင်းအဖွဲ့ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် နိုင်ငံကျော်အဆိုတော်များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယအဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ သင်္ကြန်ချစ်သူများ စုပေါင်း၍ “မန်းတောင်ရိပ်ခို”သီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ ၎င်းနောက် ညပိုင်းအချိန်တွင် ခေတ်ပေါ်တေးဂီတအဖွဲ့ဖြင့် နိုင်ငံကျော်အဆိုတော်များက သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြို့နယ် (၂၈)မြို့နယ်တွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)