ကလိန်အောင်မြို့တွင် နှစ်ဆန်းတစ်ရက်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုပွဲ ကျင်းပ

ကလိန်အောင် ဧပြီ ၁၇

မြန်မာသက္ကရဇ် ၁၃၈၆ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ စုပေါင်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူ‌ ကောင်းမှုကုသိုလ်ပြုပွဲ ကျင်းပ‌ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ စေတနာရှင် အလှူရှင်များက စုပေါင်း၍ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်းမှ ဆရာ‌တော် အရှင်သုစိတ္တနှင့် မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတို့မှ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များတို့အား မြို့ပေါ် (၃) ရပ်ကွက်မှစတင်၍ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူဒါန်းကြသည့်မှာ စည်းကားလျက်ရှိကြောင်း သိရသည်။

နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်ရာကုသိုလ်ကောင်းမှုများပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)