မအူပင် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အမှတ်(၄)ရပ်ကွက်၊ တိုးရွှေဝါ ခန်းမရှေ့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က မဟာသင်္ကြန်ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်းနှင့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပေးပါသော တာဝန် ရှိသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မဟာသင်္ကြန်ပွဲတော်တွင် ပါဝင် ကူညီဖျော်ဖြေပေးခဲ့သော အဆိုရှင်များနှင့် ယိမ်းအကအဖွဲ့တို့အား အမှတ်တရလက်ဆောင်နှင့် ဆုများ ချီးမြှင့်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေ၍ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်ဆက်)