ပုသိမ် ဧပြီ ၁၇
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အငယ်တန်းနှင့် အကြီးတန်းယိမ်းပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များနှင့် အထူးဆုရရှိသည့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်တို့ကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် မူလတန်းအုပ်စု(၄) ယိမ်းအဖွဲ့နှင့် အကြီးတန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပုသိမ်တက္ကသိုလ်ယိမ်းအဖွဲ့တို့အား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မူလတန်းအုပ်စု(၁)ယိမ်းအဖွဲ့နှင့် အကြီးတန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်စခန်းရုံးကိုယ်စားပြု ယိမ်းအဖွဲ့တို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊ အငယ်တန်းနှင့် အကြီးတန်းသင်္ကြန်မယ်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မူလတန်းအုပ်စု(၃)ယိမ်းအဖွဲ့၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့ကိုယ်စားပြု (လင်းလက်မေ)ယိမ်းအဖွဲ့တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များ၊ ဒိုင်အဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ဆက်လက်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲတွင် ပထမဆုရရှိသော ယိမ်းအဖွဲ့များနှင့် ဆုရရှိသော သင်္ကြန်မယ်များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှသစ်ဆုမွန်ကောင်းတောင်း၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေငြာပေးပြီး ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို"သီချင်းဖြင့် စုပေါင်းကပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့်ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် (၁၀)ခု၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၂၁)ဖွဲ့တို့က သင်္ကြန်ကာလအတွင်း ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်အား ထည့်သွင်းကျင်းပပေးခဲ့ကာ လမ်းလျှောက်သင်္ကြန်တွင် လာရောက်ရေကစားသူများအား စတုဒိသာများဖြင့်လည်း နေ့စဉ်ကျွေးမွေးဧည့်ခံပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)