သရက် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မြန့်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက အမှတ်(၈) ရပ်ကွက် ခရိုင်ခန်းမရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ ခရိုင် /မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယိမ်းအဖွဲ့(၁၁)ဖွဲ့၊ ရေကစားသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့ (၁၁)ဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ချီးမြှင့်ဆုငွေများ ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက နှစ်သစ်ကူးဆုတောင်းစကားပြောကြားရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ အစဉ်အလာမပျက် ပျော်ရွှင်ချမ်းမြေ့စွာ ဆင်ယင်ကျင်းပခဲ့ပြီး နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေနှင့်ဆေးကြောကာ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် ဘဝအမောများပြေပျောက်၍ အေးချမ်းသောဘဝများကို ရရှိကြပါစေကြောင်း ဆုတောင်းပြောကြားခဲ့သည်။
ထို့နောက် မြူမှုံဝေကင်း တေးသီချင်းဖြင့် ပြိုင်တူသီဆိုကပြ၍ အတာရေပက်ဖျန်းပြီး ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ဇော်ထက်(သရက်)