မင်းဘူးမြို့၌ မဟာသင်္ကြန်ပိတ်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မင်းဘူး ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ယိမ်းပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇ နာရီအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၅)ဖွဲ့မှ ဆုရယိမ်းအဖွဲ့များနှင့် တစ်ပင်တိုင်သင်္ကြန်မယ်ဆုများကို ဖွင့်ဖောက်ကြေညာပေးပြီးနောက် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် မင်းဘူးမြို့ ဗဟိုမဏ္ဍပ်၌ ဧည့်ခံဖျော်ဖြေရေးယိမ်းအဖွဲ့ (၇)အဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၅)ဖွဲ့နှင့် တစ်ပင်တိုင် သင်္ကြန်အကမယ်လေးများက နေ့စဉ် အလှည့်ကျ ကပြဖျော်ဖြေယှဉ်ပြိုင်ခဲ့ပြီးနောက် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက် ယိမ်းအဖွဲ့က ပထမဆု၊ ကျန်းမာရေးယိမ်းအဖွဲ့က ဒုတိယဆုနှင့် ပညာရေးယိမ်းအဖွဲ့က တတိယဆုများကို ဆွတ်ခူးရရှိခဲ့ကြပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)