ဟင်္သာတ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုရေသဘင် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ အာဇာနည်ပန်းခြံလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ပိတ်ပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က နှုတ်ဆက်စကားပြောကြားခဲ့ပြီးနောက် သင်္ကြန်ကာလအတွင်း ကပြဖျော်ဖြေပေးခဲ့ကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ဆုများကို ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဒုရဲမှူးကြီး ကျော်မြသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်တို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေရင်း ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပိတ်သိမ်းခဲ့သည်။ သင်္ကြန်အတက်နေ့တွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)