မြိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေး

မြိတ်   နိုဝင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် မဲရုံ များ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေမှုများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်  အဖွဲ့ခွဲတို့က နိုဝင်ဘာလ(၅)ရက် ညနေပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီဖြစ်စေရေး၊ မဲရုံလုံခြုံရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန် ကြားချက်နှင့်အညီ ကိုဗစ်ကာလဘေးကင်းလုံခြုံရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များဖြင့် ရပ်ကွက်/ ကျေးရွာများရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မဲရုံနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့် အချက်များ၊ မဲရုံ များတွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ကြိုတင်ဆန္ဒမဲများ စနစ်တကျလုံခြုံစွာ သိမ်းဆည်းထား ရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြိတ်ခရိုင်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)ခုရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ဦးရေစာရင်း ကပ်ထား ကြေညာချက်အရ (၂၂၁၅၉၃)ဦးရှိကာ မဲရုံစုစုပေါင်း(၂၂၇)ရုံဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )