တောင်ငူ ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အတက်နေ့တွင် ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ဗဟိုမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါဗဟိုမဏ္ဍပ်သို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တပ်မတော်မှအရာရှိကြီးများ၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
တောင်ငူမြို့၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် သင်္ကြန်တေးသီချင်းများ၊ DJ စတိတ်ရှိုးအစီအစဥ်များဖြင့် သင်္ကြန်ကာလအတွင်း နေ့စဥ် နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအထိနှင့် ညနေ ၄ နာရီအချိန်မှ ၆ နာရီအထိ သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး လာရောက်ရေကစားကြသောပြည်သူများအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှပူးပေါင်း၍ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် သင်္ကြန်အကြိုနေ့မှ စတင်ကာ နေ့စဥ်ဧည့်ခံကျွေးမွေးလျက်ရှိသည်။ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာများတွင် စတုဒိသာများ ကျွေးမွေးခြင်း၊ ရေကစားခြင်းများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ဇော်ကိုကို(တောင်ငူ)