ဟားခါး ဧပြီ ၁၆
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အတက်နေ့ဖျော်ဖြေရေးအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးတပ်နယ် အားကစားကွင်း မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ယနေ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့တွင် ယိမ်းအကအဖွဲ့များဖြစ်ကြသည့် နွယ်ဦးကဗျာယိမ်းအဖွဲ့၊ ခေတ်သစ်ပျိုမေယိမ်းအဖွဲ့၊ ပိတောက်ချယ်ရီယိမ်းအဖွဲ့၊ ပိတောက်ရွှေဝါယိမ်းအဖွဲ့၊ ငုရွှေစင်မေယိမ်းအဖွဲ့၊ ယမင်းရွှေစင်ယိမ်းအဖွဲ့နှင့် ရဲသူဇာယိမ်းအဖွဲ့ပိတောက်နတ်သမီးယိမ်းအဖွဲ့၊ ပိတောက်ဧကရီယိမ်းအဖွဲ့၊ ပိတောက်လွမ်းသူယိမ်းအဖွဲ့၊ ချယ်ရီမယ်ယိမ်းအဖွဲ့၊ သပြေတို့အရွယ်ယိမ်းအဖွဲ့၊ အမေများယိမ်းအဖွဲ့၊ လုံမယ်လေးယိမ်းအဖွဲ့နှင့် ငုဝါလေးများယိမ်းအဖွဲ့တို့က ကပြဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြကာ သင်္ကြန်ပွဲတော်အတတ်နေ့သို့ တက်ရောက်ကြည့်ရှုအားပေးကြသူများအား စတုဒိတာဖြင့် ဧည့်ခံကျွေးမွေးသည်။
ထို့နောက် ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်ဟာ မြန်မာ့ (၁၂) လရာသီပွဲတော်များအနက် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြုပြီး ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံး ကျင်းပသည့် ပွဲတော်ဖြစ်ကြောင်း၊ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနှင့်ဆေးကြောသန့်စင်ပြီးဖြစ်လို့ ကမ္ဘာသူကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေကြောင်းနှင့် နှစ်သစ်မှာ လူသစ် စိတ်သစ်နှင့် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေ တင်ဆက်ကြကာ ၁၃၈၅ ခုနှစ် ချင်းပြည်နယ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း