မဟာသင်္ကြန်အတတ်နေ့ ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည်  ဧပြီလ (၁၆) ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒီသာစားသုံးနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟို ရေကစားမဏ္ဍပ် သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ဧည့်ခံကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နေသည့် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များတွင် ရေကစားလာသူ ပြည်သူများ၊ စတုဒီသာလာရောက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျှက်ရှိပြီး ရပ်ကွက်/လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင်လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် အထူးစည်ကား လျှက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)