တနင်္သာရီမြို့ ဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ အသံမစဲပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီ ဧပြီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၏ ကျက်သရေဆောင် ဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းအောင်ပွဲအခမ်းအနားကို ယနေ့(သင်္ကြန်အတက်နေ့) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အေးငြိမ်းချမ်းသာဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ(၂၂)ပါး၊ အလှူရှင်/အလှူအမများ၊ ရပ်ဝေးရပ်နီးမှ ဆွေတော်မျိုးတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲအထိမ်းအမှတ်အဖြစ် ကြေးစည်အကြီး (၂၄)ချက်နှင့် ကြေးမောင်း (၂၄)ချက်စီကိုတီး၍ သာဓုခေါ်ဆိုကြပြီး အလှူရှင်များက ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ထို့နောက် ဆရာတော်နှင့် သံဃာတော်များကအန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ပွားပူဇော်ပေးကြပြီး အလှူရှင်/စေတနာရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ ဘိုးဘွားရိပ်သာကျောင်းတိုက်ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တသုန္ဒရက လူပရိတ်သတ်အပေါင်းတို့အား ရှစ်ပါးသီလချီးမြှင့်ပေးတော်မူပြီး နှစ်သစ်အလှူ ကုသိုလ်တော်အမည်ဖြင့် ကျေးဇူးဆပ်တရားတော်ကို ချီးမြှင့်မိန့်ကြားပေးကာ ငွေအား/လူအားတို့ဖြင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သာဓုသုံးကြိမ် ခေါ်ဆိုခဲ့ကြသည်။

ထို့နောက် နေ့ဆွမ်းအလှူရှင်များက ဆရာတော်/သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လူပရိတ်သတ်အပေါင်းတို့ကိုလည်း နေ့လယ်စာဖြင့် လှူဒါန်းကျွေးမွေးကြကြောင်း သိရသည်။

အဆိုပါအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ခုနှစ်၊ သင်္ကြန်ကာလ ဧပြီလ (၁၂ ရက်မှ ၁၆ ရက်) သင်္ကြန်အတက်နေ့အထိ (၅)ရက်တိုင်တိုင် ဆရာတော်/သံဃာတော်များ (၂၂)ပါးတို့က အလှည့်ကျစနစ်ဖြင့် နေ/ညမပြတ် ရွတ်ဖတ်ပူဇော်ပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)