မဟာသင်္ကြန်အတက်နေ့တွင် ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကား

ချောင်းသာ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက် ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု ပုံမှန်ထက်များပြားခဲ့ပြီး ချောင်းသာကမ်းခြေ၌ နှစ်သစ်ကိုကြိုဆိုရင်း အပန်းဖြေလျက်ရှိကြသူများဖြင့် စည်ကားကြောင်း သိရသည်။

ချောင်းသာမြို့သို့ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေတွင် အပန်းဖြေအနားယူခြင်းများအပြင် ဒေသထွက်အမှတ်တရပစ္စည်းအ‌‌ရောင်းဆိုင်များရှိ ပင်လယ်ထွက်ပစ္စည်းများဖြင့် အလှဆင်ပြုလုပ်ထားသည့် ပစ္စည်းများ၊ အုန်းအခြေခံလက်မှုပစ္စည်းများနှင့် ဒေသထွက်အစားအစာများတို့ကို လေ့လာကြည့်ရှုဝယ်ယူကြခြင်း၊ ချောင်းသာကမ်းခြေအနီးရှိ ဖိုးကလားကျွန်း၊ သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် Sea@Lake Garden သို့ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း  သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။

“ဒီနေ့က သင်္ကြန်အ​ကျနေ့ဆိုတော့ အရင်‌နေ့ထက် ပိုပြီးစည်ကားတယ်၊ သင်္ကြန်မတိုင်မီ ရက်ကြိုရက်ကစပြီး စျေးရောင်းချရတာပိုကောင်းတယ်ပြောရမှာပါ၊ သင်္ကြန်ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ တည်းခိုနေထိုင်တဲ့သူတွေလည်းရှိတယ်၊ ပြန်တဲ့ ဧည့်သည်ကပြန် ဝင်လာကြတဲ့ဧည့်သည်က ဝင်လာကြတော့ ဒီရက်ထဲမှာ ကမ်းခြေတစ်လျှောက် အပန်းဖြေလည်ပတ်သူတွေနဲ့စည်ကားပါတယ်” ဟု ကမ်းခြေတွင် စျေးရောင်းချခြင်းလုပ်ကိုင်သူ ဦးဆန်းမင်းက ပြောသည်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်း သာယာလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့သည် ပူအိုက်စိုစွတ်သော ရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန်၃၇.၇ ဒီဂရီစင်ဒီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၁၇.၈ ဒီဂရီစင်ဒီဂရိတ်ရှိ၍ ပင်လယ်ရေမျက်နှာပြင်အမြင့် (၇)ပေရှိပြီး ချောင်းသာကမ်းခြေမှာ ကမ်းခြေရှည်လျားကျယ်ပြန့်ပြီး သဲသောင်ပြင်ညီညာပြန့်ပြူးမှု၊ ပင်လယ်ရေကြည်လင်မှုနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်မှုတို့ကြောင့် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက်ကြောင်း သိရသည်

ကျော်ကျော် (ပြန်/ဆက်)