ရွှေတောင် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာနေ ဒေါ်ခင်ဌေးလွင်မှာ ရွာလည်ရှိစျေးဆိုင်သို့ သွားရောက်စျေးဝယ်နေစဥ် ၄င်းပိုင်ဆိုင်သည့် (သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်းခင်း) နေအိမ်၏ နောက်ဖေးမီးဖိုးတွင် ထင်းမီးဖြင့် ကောက်ညှင်းဆိုင်းအိုးတည်၍ မီးငြိမ်းသတ်ထားခဲ့သော မီးဖိုးမီးကြွင်းမီးကျန်မှတဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၄င်းနေအိမ်ဘေးကပ်လျက် အနောက်ဘက်ရှိ နေအိမ်အား မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွန်းနိုင်နှင့် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အုန်းမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာနေပြည်သူများမှပူးပေါင်း၍ မီးငြှိမ်းသတ်ယာဥ် (၂)စီး၊ ကြာနီကန်ရပ်ကွက် အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် (၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၅) နာရီအချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးကိုပေါ့ဆစွာအသုံးပြုသူအား ရွှေတောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)