မင်းဘူး ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်သူများဖြင့် ကြိတ်ကြိတ်တိုး အထူးစည်ကားပြီး တည်းခိုဆောင်များပြည့်သည်အထိ နေ့စဉ်လာရောက်ကြကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်ပြီး ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း (၆၄)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်ကြသူများဖြင့် နေ့စဉ် ကြိတ်ကြိတ်တိုးအထူးစည်ကားပြီး၊ ဘုရားဖူးရင်း ရွှေသင်္ကန်းနှင့် ဆွမ်းများ ကပ်လှူပူဇော်၍ မန်းချောင်းအတွင်း ရေချိုးအပန်းဖြေအနားယူကြကာ ဘုရားအနီးပတ်ဝန်းကျင်ရှိ ဓမ္မာရုံများနှင့် ဘုန်းတော်ကြီးကျောင်းများအပြင် တည်ခိုဆောင်များအားလုံး ပြည့်သည်အထိ လာရောက်ခဲ့ကြောင်း မန်းရွှေစက်တောာ်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားခဲ့သည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားပွဲတော် စတင်ကျင်းပခဲ့သည့်နေ့မှစ၍ ဧပြီလ ၁၅ ရက်နေ့ညအထိ ဘုရားဖူး ရဟန်းရှင်လူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်သူဦးရေ ၃၉၈၆၈၉ ဦးရှိပြီး၊ ညအိပ်တည်းခိုသူပေါင်း ၇၇၄၃၀ ဦးရှိကြောင်း မန်းရွှေမန်းရွှေစက်တော်ဘုရားကြီးရှိ ခရီးသွားမှတ်တမ်းများအရ သိရသည်။
မောင်မောင်(မင်းဘူး)