ပုသိမ် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်(၁၀)ခု၌ ရေပက်ခံထွက်သူ၊ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Winner ဆုရှင်များနှင့် ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် အနောက်တောင်တိုင်းဌာနချုပ် ဖျော်ဖြေရေးသင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၏ နိဗ္ဗာန်ဈေး စတုဒီသာမဏ္ဍပ်အသီးသီးမှ တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများအား သုံးဆောင်ချီးမြှင့်အားပေးခဲ့ကာ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် နဒီဧရာတေးဂီတအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင် ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ရေကစားသူများအား စားသောက်ဖွယ်ရာများနှင့် အဝတ်အစားများပေးဝေခဲ့ကြပြီး ယိမ်းအဖွဲ့များနှင့် တေးဂီတအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ အတာရေစင်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)