ဟားခါး ဧပြီ ၁၆
၁၃၈၅ ခုနှစ်၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးတပ်နယ် အားကစားကွင်း မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ယမန်နေ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ နံနက်ပိုင်းတွင် ပိတောက်နတ်သမီးယိမ်းအဖွဲ့၊ ပိတောက်ဧကရီယိမ်းအဖွဲ့၊ ပိတောက်လွမ်းသူယိမ်းအဖွဲ့၊ ချယ်ရီမယ်ယိမ်းအဖွဲ့၊ သပြေတို့အရွယ်ယိမ်းအဖွဲ့၊ အမေများယိမ်းအဖွဲ့၊ လုံမယ်လေးယိမ်းအဖွဲ့နှင့် ငုဝါလေးများယိမ်းအဖွဲ့တို့ကလည်းကောင်း၊ ညနေပိုင်းတွင် နွယ်ဦးကဗျာယိမ်းအဖွဲ့၊ ခေတ်သစ်ပျိုမေယိမ်းအဖွဲ့၊ ပိတောက်ချယ်ရီယိမ်းအဖွဲ့၊ ပိတောက်ရွှေဝါယိမ်းအဖွဲ့၊ ငုရွှေစင်မေယိမ်းအဖွဲ့၊ ယမင်းရွှေစင်ယိမ်းအဖွဲ့နှင့် ရဲသူဇာယိမ်းအဖွဲ့တို့ကလည်းကောင်း ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြကာ သင်္ကြန်ပွဲတော်အကြတ်နေ့သို့ တက်ရောက်ကြည့်ရှုအားပေးကြသူများအား စတုဒိတာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)