ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်ရေကစားမဏ္ဍပ်များ၌ တိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ

ဘားအံ ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ယမန်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် ရေပက်ခံထွက်သူများ၊ မဏ္ဍပ်များတွင် ရေကစားကြသူများ၊ ယိမ်းအကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြသူများ၊ စတုဒိသာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးပင် များပြားစည်ကားလျက်ရှိကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော်ကို လှည့်လည်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘားအံမြို့၊ သီရိကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တပင်တိုင်အကများ၊ အနုပညာရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး  အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဇွဲကပင်ပန်းခြံရေကစားမဏ္ဍပ်၊ ဖူးငုံပွင့်သစ်အမှတ်(၁)ဖျော်ဖြေရေးမဏ္ဍပ်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် မိသားစုရေကစားမဏ္ဍပ်၌ တပ်ရင်းတပ်ဖွဲ့များ၏ မဟာသင်္ကြန်ယိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ်ဝန်ထမ်းမိသားစုများသင်္ကြန်မဏ္ဍပ်၊ ပိတောက်ထပ်ထားအမှတ်(၅)ဖျော်ဖြေရေးမဏ္ဍပ်၊ ပိတောက်မြတ်နိုးအမှတ်(၉)ဖျော်ဖြေရေးမဏ္ဍပ်၊ ပိတောက်လက်ဆောင် လှာကဒေါင် ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍  သင်္ကြန်တေးသီးချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကာ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပေးကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော ကော့ကသောင်ဂူသို့ သွားရောက်ပြီး ကော့ကသောင်ဂူနှင့် စိတ္တသုခရေတံခွန်တို့တွင် မဟာသင်္ကြန်ပွဲတော်ကာလအများ ပြည်သူစိတ်အေးချမ်းသာစွာ လာရောက်အနားယူလာရောက်အပန်းဖြေရေကစားနေမှုများကို ကြည့်ရှုအားပေးပြီး ခရီးစဉ်ဒေသဖွံ့ဖြိုးရေးကော်မတီဝင်များအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိတော်ဖူးငုံရွှေနောင်လုံ မဟာသင်္ကြန်ရေကစားမဏ္ဍပ်သို့ လှည့်လည်၍ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ ဒုံရင်းသဘာဝစမ်းရေတံခွန်သို့သွားရောက်ပြီး မဟာသင်္ကြပွဲတော်ကာလ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ရေကစား အနားယူအပန်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျော်ရွှင်ငြိမ်းချမ်းဒုံရင်းပန်း ချစ်သူနိုင်ဖျော်ဖြေရေးမဏ္ဍပ်သို့ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍  သင်္ကြန်တေးသီးချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကာ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ တတိယညအနေဖြင့် ကိုယ်ပိုင်းသံစဉ်ယိမ်းအကအဖွဲ့ (၄)ဖွဲ့၊ Copy သံစဉ်ယိမ်းအကအဖွဲ့(၉)ဖွဲ့၊ တပင်တိုင်အက (၆)ဖွဲ့တို့၏ ညီညာမြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြဖျော်ဖြေ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး  ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ဘားအံမြို့၊ မြို့မဘောလုံးကွင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအနေဖြင့်  ကလေးကြားပွဲ (၁၉)ပွဲ၊ အမျိုးသမီးစိန်ခေါ်ပွဲ ၃ ပွဲ၊ အမျိုးသား ၂ ချီစိန်ခေါ်ပွဲ ၂ ပွဲနှင့် အမျိုးသားသုံးချီးစိန်ခေါ်ပွဲ ၂ ပွဲတို့၏ ယှဉ်ပြိုင်ထိုးသတ်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)