ပွင့်ဖြူ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းစီစဉ်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ခံ ဆရာကြီး ဦးချစ်ဆွေက ဆုံးမဩဝါဒစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၆၀ ဦးအနက် ပူဇော်ပွဲတက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီး (၃၀)ဦးအား တစ်ဦးချင်းစီ အလှူငွေများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တက်ရောက်လာကြသူများက စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ် တေးသီချင်းများ သီဆို၍ ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ (၂)နှစ်လျှင် တစ်ကြိမ် အာစရိယပူဇော်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် ပူဇော်ပွဲသို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးများကို (KBZ-Pay)၊ (Wave Pay)ဖြင့် ကန်တော့ငွေများ လွှဲအပ်ကန်တော့သွားမည်ဖြစ်ကြောင်း အဆိုပါ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကျောင်းသားဟောင်းဖြစ်သူ ဦးသိန်းထိုက်စံက ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)