ထားဝယ် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားသင်္ကြန်မဏ္ဍပ်များတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ပျော်ရွင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုး ကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ထို့သို့ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျှော်ရွှင်စွာဖြင့် ဒေသအတွင်းမှ ပြည်သူများ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များရှိ သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများအပြင် အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများနှင့် စည်းကားလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)