ပွင့်ဖြူ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်း၌ အတာသင်္ကြန်အကြတ်နေ့ လာရောက်အပန်းဖြေရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံမှ သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်းက မြို့ကို ရစ်ခွေစီးဆင်းသွားတာဖြစ်ပါတယ်။ ယခုလို နွေရာသီကာလ သင်္ကြန်ပွဲတော်အချိန်အခါမှာဆိုရင် မုန်းချောင်းရေက အနက်ပေ (၃)ပေခန့်သာ စီးဆင်းလျက်ရှိတာကြောင့် ဒေသခံပြည်သူများနဲ့ ရပ်ဝေးရပ်နီးက သင်္ကြန်ရေပက်ခံထွက်ကြတဲ့ ပြည်သူတွေက မုန်းချောင်းကို လာရောက်ပြီး အပူရှောင် ရေဆော့ကစားကြတယ်။ ဒါ့ကြောင့် ခုလို သင်္ကြန်ရက်တွေမှာ ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်းမှာ လာရောက်အပန်းဖြေရေကစားကြသူတွေနဲ့ စည်းကားလျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့ပေါ်ရှိ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်းသည် အရှည်ပေ ၁၉၆ မိုင် ရှည်လျားပြီး ဝိတိုရိယတောင်/ခေါနုသုမ်(ခေါ်) နတ်မတောင်ထိပ်၏ အနောက်ဘက်နှင့် မြောက်ဘက်ရှိ တောင်များတွင် မြစ်ဖျားခံ၍ မင်းဘူးခရိုင်အတွင်းသို့ စေတုတ္တရာမြို့နယ်၏ မြောက်ဘက်မှ စီးဝင်စီးဆင်းကာ ပွင့်ဖြူမြို့အား ရစ်ခွေစီးဆင်းလျက်ရှိသည်။ ယခုလို နွေရာသီကာလများတွင် မုန်းချောင်း၌ ရေအနက် ၃ ပေကျော်ခန့်သာ စီးဆင်းလျက်ရှိသဖြင့် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများက အပူရှောင် လာရောက်ရေဆော့ကစားခြင်း၊ သင်္ကြန်ကာလများတွင် လာရောက်အပန်းဖြေ အနားယူခြင်းကြောင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)