ဓနုဖြူ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၅ခုနှစ်၊ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၃) ရက်၊ မဟာသင်္ကြန်အကြိုနေ့ ညနေ (၄) နာရီခွဲအချိန်က အမှတ်(၅) ရပ်ကွက်၊ မြို့နယ်မီးသတ်ဦးစီးဌာနရှေ့၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပြီး၊ ယိမ်းအဖွဲ့များမှ မြနန္ဒာသီချင်းဖြင့် ပြိုင်တူကပြဖျော်ဖြေ ခဲ့ကြသည်။ ထို့နောက် နွေဦးကဗျာယိမ်းအဖွဲ့ ယိမ်းပျိုဖြူလေးများက မူယာကျော့တေးသွားဖြင့်လည်းကောင်း၊ နွေဦးပိတောက်ယိမ်းအဖွဲ့ ယိမ်းပျိုဖြူလေးများက တစ်နှစ်နွမ်းလို့ တစ်နှစ်ဆန်း တေးသွားဖြင့်လည်းကောင်း၊ ငုဝါဖြူယိမ်းအဖွဲ့ ယိမ်းပျိုဖြူလေးများက တစ်နှစ်နွမ်းလို့တစ်နှစ်ဆန်းတေးသွားနှင့် ရွှင်လန်းကာစိတ်ချမ်းသာကြပါစေ တေးသွားဖြင့်လည်းကောင်း၊ ပိတောက်ရွှေဝါယိမ်းအဖွဲ့ ယိမ်းပျိုဖြူလေးများက ရွှေမန်းမာလာတေးသွားဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာကြသူများအား ဌာနဆိုင်ရာများနှင့်အလှူရှင်များက စတုဒိသာများကျွေးမွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)