တိုင်း‌ဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့များအား ကြည့်ရှုအားပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ပွဲ​တော်အား ပါဝင်ဆင်နွှဲ

ပုသိမ်  ဧပြီ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက  ကမ်းနားလမ်းတစ်လျှောက်ရှိ မဏ္ဍပ်များမှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ချစ်ကြည်ရင်းနှီးစွာ အတာ​ရေစင်များ ပက်ဖျန်းခဲ့ကြကာ လမ်း​လျှောက်သင်္ကြန်ပွဲ​တော်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည်  ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့် ယိမ်းအဖွဲ့များအား ချစ်ကြည်ရင်းနှီးစွာဖြင့် အတာရေများပက်ဖျန်းပေးခဲ့ပြီးနောက် “တူယှဉ်နွှဲပျော် ဂီတ‌ပွဲတော်”မှ Winner ဆုရှင်များ၊ ယိမ်းအဖွဲ့များ၏ တေးသီချင်များဖြင့် သီဆိုကပြမှုများနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အဆိုရှင်များ၊ ယိမ်းအဖွဲ့များ၊ ပညာအလင်္ကာတေးဂီတအဖွဲ့တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေဦးသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး ချစ်ကြည်ရင်းနှီးစွာဖြင့် အတာရေများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)