မကွေး ဧပြီ ၁၅
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်း စေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေသဘင်မဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ မကွေးလေတပ်စခန်းဌာနချုပ်မှ သင်္ကြန်ယိမ်းပျိုဖြူလေးများက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကပြဖျော်ဖြေသည့် ယိမ်းပျိုဖြူများအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ၏ ကပြသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အရာရှိကြီးများ၏ ဇနီးများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် အဆိုဝါသနာရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဝန်ကြီးဌာန အလိုက် ရေကစားမဏ္ဍပ်များသို့ ရောက်ရှိခဲ့ပြီး ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားနေမှုနှင့် ဌာနအသီးသီးမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုနှင့် အဆိုဝါသနာရှင်များက တေးသီချင်းများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေပေးနေမှုများအား ကြည့်ရှုအားပေးကာ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် အဆိုဝါသနာရှင်များအား ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပသည့် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ် (၆) ခု စုစုပေါင်း မဏ္ဍပ် (၇) ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအကအလှအဖွဲ့ (၁၉) ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ DJ Music များဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ်စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
မောင်ညီညာ