ပဲခူး ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတို့သည် ယမန်နေ့နံနက်ပိုင်းက အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစု သင်္ကြန်မဏ္ဍပ်သို့ သွားရောက်ဂုဏ်ပြုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများအား အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့် ဇနီးတို့က အတာရေပတ်ဖျန်း၍ ကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တပ်ခွဲများအလိုက် တပ်မိသားစုများက ယိမ်းအကများ၊ တေးသရုပ်ဖော်များ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတက်ဆက်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဖြေဖျော်တင်ဆက်ခဲ့ကြသည့် တပ်မတော်မိသားစုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတို့က ဂုဏ်ပြုဆုငွေများ အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြသည်။ ၎င်းနောက် သင်္ကြန်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ကလေးများအား သီးခြားဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးတို့က ယိမ်းအဖွဲ့များနှင့် နိုင်ငံကျော်အဆိုတော်များအား အတာရေသွန်းလောင်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် သင်္ကြန်ပွဲလာပြည်သူများအား နေ့စဉ်စတုဒိသာ (ထမင်းနှင့် ဟင်း) ကျွေးမွေးနေမှုနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်လမ်းတစ်လျှောက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၏ နေ့စဉ်စတုဒိသာ (မုန့်မျိုးစုံ) ကျွေးမွေးနေမှုတို့အား သွားရောက်ကြည်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် နေ့စဉ် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှု၊ စတုဒိသာကျွေးမွေးမှုများကြောင့် ရေကစားလာသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)