ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မိသားစုရေကစားမဏ္ဍပ်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေး

လွိုင်ကော် ဧပြီ ၁၅

ယမန်နေ့(သင်္ကြန်အကျနေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) မိသားစုရေကစားမဏ္ဍပ်သို့ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်တော်များက သင်္ကြန်ယိမ်းအဖွဲ့များ၏ စုပေါင်းကပြ‌ဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ယိမ်းအဖွဲ့များနှင့် သင်္ကြန်ပွဲတော်တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား အတာသင်္ကြန်ရေ ပက်ဖျန်းခဲ့သည်။

ဆက်လက်၍ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့် တေးသံရှင်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ဂီတနှင့် ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအား အသီးသီးချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့များအား စတုဒိသာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

လွိုင်ကော်မြို့၌ သင်္ကြန်ကာလအတွင်း ယိမ်းအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ရေကစားခြင်းများကို နေ့စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)