မင်းဘူး ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်၊ မဟာသင်္ကြန်အကြိုနေ့ ညနေ ၅ နာရီခွဲအချိန်က မင်းဘူးမြို့ မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် နှစ်သစ်ကူး နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခို၊ ဒို့ယိမ်းပထမ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ယိမ်းအဖွဲ့သမီးပျိုလေးများအား အတာရေဖြင့် ပက်ဖျန်း၍ ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ဧည့်ခံဖျော်ဖြေရေးယိမ်းအဖွဲ့ (၇) အဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၅) ဖွဲ့နှင့် တစ်ပင်တိုင် သင်္ကြန်အကများအပြင် ခေတ်ပေါ်တေးဂီတများဖြင့် မဟာသင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)