ပျော်ဘွယ်မြို့နယ်တွင် သင်္ကြန်အကျနေ့ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုဒ်သီလဆောက်တည်သူများ အာဟာရဒါနကုသိုလ်ရှင်များဖြင့် စည်ကားလျက်ရှိ

ပျော်ဘွယ် ဧပြီ ၁၅

ပျော်ဘွယ်မြို့နယ်၌ မြန်မာ့ရိုးရာ သင်္ကြန်အကျနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီလဆောက်တည်သူများ၊ အာဟာရဒါန ကုသိုလ်ရှင်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ရွာမှာက သင်္ကြန်ကာလအတွင်းမှာ နံနက်ပိုင်းမှာဆိုရင် ဘုန်းတော်ကြီးကျောင်း ကို သွားရောက်ပြီး ဥပုဒ်သီလဆောက်တည်ကြတယ်၊ အာဟာရဒါန ကုသိုလ်ပါဝင်သူတွေ လည်းရှိပါတယ်၊ နေ့ခင်းမှာတော့ လူငယ်တွေက ရေကစားကြတယ်၊ ခိုက်ရန်ဖြစ်ပွားမှု မရှိစေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာမိရွာဖတွေပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ခင်ကြီးယကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထွန်းက ပြောသည်။

ခင်ကြီးယကျေးရွာ ဘုရားငါးဆူကျောင်းတိုက်တွင် သင်္ကြန်ကာလအတွင်း နေ့စဉ်ကုသိုလ်ရှင်များရှိသလို သင်္ကြန်ကာလတရားစခန်းကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)