ပုသိမ် ဧပြီ ၁၄
၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါတော်ကြား စာတမ်းအား မင်္ဂလာဘိသေကပညာရှင်က ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စတင်ဖွင့်လှစ်ကြောင်း ကြေငြာခဲ့ပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေး“မန်းတောင်ရိပ်ခို”သီချင်းဖြင့် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်သည်တော်များကယိမ်းအဖွဲ့များအား ချစ်ကြည်ရင်းနှီးစွာဖြင့် အမွှေးနံ့သာ အတာရေများပက်ဖျန်းပေးကြကာ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး သင်္ကြန်ရေကစား မဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်(၁၀)ခု၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၂၁)ဖွဲ့တို့မှ ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒိသာများဖြင့် နေ့စဉ် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)