ပေါက်ခေါင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်လှစ်

ပေါက်ခေါင်း ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ပေါက်ခေါင်းမြို့၊ ပြည်-တောင်ငူလမ်း၊ မြို့နယ်အားကစားကွင်းရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က နှစ်သစ်နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများအား " မန်းတောင်ရိပ်ခို " သီချင်းဖွင့်လှစ်၍ ယိမ်းအဖွဲ့များက အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ပြီး လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။ မဟာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်ကာလအတွင်း ယိမ်အဖွဲ့များ၏ အကများတေးသီချင်းများဖြင့် နေ့စဉ်တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)